Saturday, April 4, 2009

စိတ်အာဟာရ (၂)



Bill Gates ကပြောပါတယ်...
ဆင်းရဲစွာ မွေးဖွားလာတာဟာ သင်ရဲ့အပြစ်မဟုတ်ပါဘူးတဲ့...
ဒါပေမယ့် ဆင်းဆင်းရဲရဲနဲ့ သေသွားရရင်တော့ သင့်ရဲ့အပြစ်ပါတဲ့...

ဒါဟာဘာကို ဆိုလိုသလဲဆိုတော့ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတာပာာ အပြစ်မဟုတ်ပါဘူး။ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာလို့ မချမ်းသာနိုင်ဘူးလို့ မဆိုလိုပါဘူး။ ကံကိုလည်း အပြစ်ပုံချစရာမလိုပါဘူး။ ဒါအပြင် အားငယ်စရာလည်း မလိုပါဘူး။ စိတ်ဓတ်ကျစရာလည်း ဘာမှမရှိပါဘူး။ ကိုယ်စွမ်းအား၊ ဥာဏ်စွမ်းအားရှိသ၍ လုံးလ၊ ဝီရိယထားပြီး ကြိုးစားအားထုတ်မယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ စဉ်းစားတွေးခေါ်နိုင်တဲ့ အသိဥာဏ်ရှိပြီး မှန်ကန်တဲ့ ဆုံဖြတ်ချက်ကိုလည်း ချနိုင်ရပါမယ်။ ရရှိလာတဲ့ အခွင့်အရေးပေါ်မူတည်ပြီး ကောင်းစွာ အသုံးချနိုင်ရပါမယ်။ လိုရာခရီးကိုရောက်အောင် လမ်းညွှန်ပြသပေးနိုင်တဲ့ မိတ်ကောင်းဆွေကောင်း၊ မိဘ၊ ဆရာသမားများရှိခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါဟာ ဆင်းရဲစွာမွေးဖွားလာပြီး အားငယ်နေသောသူများအတွက် စိတ်အားဆေးတစ်ခွက်ပါ။

ဒါပေမယ့် ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာပြီး ဆင်းဆင်းရဲရဲနဲ့ သေသွားရရင်တော့ အပြစ်ရှိသူဟာ ကိုယ်ကိုတိုင်ပဲ ဖြစ်ပါတယ်။ ရှိပြီးသား ဥစ္စာဓနကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ အသိဥာဏ်မရှိတဲ့အပြင် လုံးလ၊ ဝီရိယထားပြီး ကြိုးစားအားထုတ်မှုလည်း လျော့နည်းသွားလို့ ဖြစ်နိုင်ပါတယ်။ မိမိကိုယ်ကို အထင်ကြီးလွန်းပြီး အပေါင်းအသင်းမှားလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ချမ်းသာစွာမွေးဖွားပြီး ကိုယ့်ကိုယ်ကို အထင်ကြီးသူများအတွက် သတိထားရမယ့် အချက်တစ်ချက်လည်းဖြစ်ပါတယ်။

" လူတိုင်းလူတိုင်း ဘဝမှာ လိုရာပန်းတိုင်ကို လွယ်ကူချောမွေ့စွာ ရောက်နိုင်ကြပါစေ၊"

1 comments:

libratun said...

ဆင်းရဲစွာမွေးဖွားလာပြီး ဆင်းရဲစွာသေသွားရင်လည်း သင့်အပြစ်ပါပဲ။