Friday, July 10, 2009

စိတ်အာဟာရ ( ၃ )

ကျွန်မတို့ ငယ်ရွယ်စဉ်အခါမှာ ကျွန်မတို့၏အားကိုးရာက ကျွန်မတို့၏ မိဘနှစ်ပါးပေါ့။ မွေးကင်းစအရွယ်ကထဲက ကျွန်မတို့ကို ကျွေးမွေးစောင့်ရှောက်လာတာ အရွယ်ရောက်လို့ လူလားမြောက်သည့်တိုင်အောင်ပေါ့။ မောသည်ပန်းသည် စိတ်ထဲမှာမထားပဲ သား၊သမီးတွေ၏ ရှေ့ရေး တိုးတက်ရေးကိုပဲ အလေးထားခဲ့တဲ့သူတွေပါ။ တတ်နိုင်သမျှ သား၊သမီးတွေ၏ဆန္ဒကိုပဲ ဦးစားပေး ဖြည့်ပေးနေကြသည့်သူတွေပါ။

ငယ်ရွယ်စဉ်အခါမှာ ရွယ်တူအချင်းချင်း ဆော့ကစားလို့ ရန်ဖြစ်ရင်လည်း မှားသည်မှန်သည်ဖြစ်စေ ပထမဦးဆုံးအနေဖြင့် သား၊သမီးဘက်က အရင်ရပ်တည်ပေးခဲ့တာပါ။ နောက်မှ ကိုယ့်သား၊သမီးကို ဘယ်အရာကမှားကြောင်း၊ မှန်ကြောင်း သွန်သင်ဆုံးမပေးခဲ့တာပါ။ ဒါကြောင့် ငယ်ရွယ်စဉ်ကလေးဘဝမှာ ဘာပဲဖြစ်လာဖြစ်လာ "မေမေ..... ဖေဖေ....." ဆို ငိုပြီး မိဘရင်ခွင်ထဲဝင်ပြီး တိုင်တည်တော့တာပေါ့။ လောကမှာ အအေးမြဆုံး၊ အနွေးထွေးဆုံးနဲ့ အလုံခြုံဆုံးရင်ခွင်က မိဘရင်ခွင်မဟုတ်ပါလား။ လိုချင်တာရှိခဲ့ရင်လည်း အဖေ့ပုဆိုးစ၊ အမေ့ထမီစဆွဲ ခြေထောက်လေးဆောင့် နှုတ်ခမ်းလေးဆူပြီး ပူဆာလိုက်တည်ဆိုရင်ပဲ လိုချင်တာအကုန်လုံး ရခဲ့တာပဲ မဟုတ်ပါလား။ ဒီလိုအကျင့်ကို အရွယ်ရောက်လို့ ကြီးကောင်ပေါက်ဝင်သည့်တိုင်အောင် မဖျောက်နိုင့်ကြပါဘူး။ မိဘတွေကို နွဲ့ဆိုး စိုးနေကြတုန်းပါ။

မိဘတွေက ဂရုနာဒေါသနဲ့ ဆူခဲ့ရင်လည်း နားညီးတယ်လို့ထင်ပြီး ကိုယ်သာအသိ၊ ကိုယ်သာအတတ်လို့ ထင်ခဲ့ကြတာပါ။ ငယ်ရွယ်စဉ်အခါမှာ ရှိသမျှတောင်ပံကို အစွမ်းကုန်ဖွင့်ပြီး မိုးပေါ်မှာ လွတ်လပ်စွာပျံသန်းချင်ကြတာ ငယ်ရွယ်သူတို့ရဲ့ သဘာဝပါ။ မိဘတွေက စိုးရိမ်းလို့တားမြစ်ရင်လည်း ပိတ်ပင်တယ်လို့ အယူအမှားတတ်ကြပါတယ်။ မိဘနှင့်အတူနေစဉ်မှာ များသောအားဖြင့် မိဘရဲ့တန်ဖိုးကို တကယ်ပဲ နားမလည်ခဲ့ကြပါဘူး။ အချိန်တန်လို့ အရွယ်ရောက်လာရင် မိဘရင်ခွင်ကနေ စွန့်ခွာရမှာက ဓမ္မတာပါ။ ဒါကိုလည်း မိဘတွေက ကြိုတင်နားလည်းထားပြီးသားပါ။ ဒါပေမယ့် နားမလည်နိုင်ခဲ့တာက သား၊သမီးတွေပါ။ မိဘနဲ့အတူရှိစဉ်က မိဘရင်ခွင်ကနေထွက်ခွာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပါတယ်။ အချိန်တန်ရင် ခွဲသွားရမယ်ဆိုတာကို နားမလည်ခဲ့ကြဘူး။

အချိန်တန်လို့ မိဘရင်ခွင်ကနေခွာပြီး နိုင်ငံခြားတိုင်းတပါးမှာ ပညာသင်ရန်ဖြစ်စေ၊ အလုပ်လုပ်ကိုင်ရန်ဖြစ်စေ သွားရောက်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် အိမ်ထောင်ရက်သားကျခဲ့ရင်လည်း မိဘရင်ခွင်ကနေ ထွက်ခွာရမှာပါပဲ။ အခု ဒီမှာအဓိကပြောချင်တာက တိုင်းတပါးမှာ ပညာသင်သူများနှင့် အလုပ်လုပ်ကြသူများကို အဓိကပြောချင်ပါတယ်။

တိုင်းတပါးမှာ လာနေပြီဆိုကတည်းက ကိုယ့်အိမ်၊ကိုယ့်ရာမဟုတ်တဲ့အတွက် ရောက်စမှာ စိတ်ကသိကအောင့်ဖြစ်စရာ၊ စိတ်ညစ်စရများနှင့် ရင်ဆိုင်ရမှာတော့ အမှန်ပါပဲ။ ကိုယ်ပိုင်အိမ်မဟုတ်ဘဲ အိမ်ငှားနေရတဲ့အတွက် ပထမဆုံးအနေဖြင့် အခန်းဖော်နဲ့ တည့်မှဖြစ်မှာပါ။ စိတ်တူကိုယ်တူ စရိုက်တူ အခန်းဖော်ဆိုရင် တော်သေးရဲ့။ များသောအားဖြင့် ရင်းနှင်းပြီးသား မိတ်ဆွေ၊ သူငယ်ချင်း၊ ဒါမှမဟုတ် ဝမ်းကွဲညီအစ်ကိုမောင်နှစ်မများနှင့် အတူနေကြတာများပါတယ်။ အဲဒီလိုဆိုရင်တော့ နေရေးထိုင်ရေးက သိပ်စိတ်ပူစရာ မရှိပါဘူး။

ဒါပေမယ့် ကိုယ့်ရဲ့စားဝတ်နေရေးအတွက် ချက်ရပြုတ်ရပါအုံးမယ်။ အပြင်မှာလည်း ကြုံရင်ကြုံသလိုလည်း ဝယ်စားတာပေါ့။ ဒါပေမယ့် အမေ့လက်ရာ အိမ်ထမင်းဟင်းလေးကိုပဲ အမြဲသတိရနေကြတာပါပဲ။ ကိုယ့်အိမ်မှာဆိုရင်တော့ အမေအဆင်သင့်ချက်ပြုတ်ပြီးသားဟင်းကို ထိုင်စားလိုက်ရုံပါပဲ။ အဝတ်ဆိုရင်လည်း ကိုယ်တိုင်လျှော်စရာမလို၊ မီးပူထိုးစရာမလို အစစအရာရာ အမေက အဆင်သင့်ဖြစ်အောင်လုပ်ပေးခဲ့တာပါ။ ဒီရောက်လာတော့ အနားမှာအမေက မရှိတော့ ကိုယ်ကိုယ်တိုင်ပဲပေါ့။ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ ဒီကိုရောက်လာကြတဲ့သူတိုင်းအသိပါ။ လူပင်ပန်းတာက ခံနိုင်ရေရှိပေမယ့် စိတ်ပင်ပန်းတာက ပိုဆိုးပါတယ်။ အိမ်ကိုလည်းသတိရ၊ ဘဝရှေ့ရေးအတွက်ကလည်း ရုန်းရကန်ရနဲ့ တနေ့တနေ့ အချိန်ဘယ်လိုလို့ ကုန်သွားမှန်းကို မသိပါဘူး။ အလုပ်ကလည်း Full Time လုပ်၊ ပညာကိုလည်း Part Time ဆည်းပူးနေရတဲ့သူတွေအတွက်ကတော့ ပိုလို့တောင်ဆိုးပါသေးတယ်။ အလုပ် Pressure၊ စာမေးပွဲ Pressure၊ လူမှုရေး၊ စီးပွားရေး Pressure နဲ့ တော်တော်လေးကို ရုန်းကန်ရပါတယ်။

ဒါအပြင် ဆုံးဖြတ်ချက်ကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ချရပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကလည်း အသိဥာဏ်ကြွယ်ဝရပါမယ်။ အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ကိုယ့်ထက်ဝါရင့်သူများဆီကလည်း အကြံအဥာဏ်ယူရပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကတော့ အများကြီးရှိကြမှာပါ။ ဒါပေမယ့် အဲဒီအထဲမှာမှ ဘယ်သူဟာ ကိုယ့်အတွက် မိတ်ဆွေကောင်းလည်းဆိုတာကို သိထားရပါမယ်။ တချို့တွေက ကောင်းသောစိတ်နဲ့ အကြံဥာဏ်ပေးသလို၊ တချို့တွေကတော့ မနာလိုဝန်တိုစိတ်ထားပြီး ချောက်တွန်းတတ်တာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ကို စဉ်းစားတွေးခေါ်ပြီး ကိုယ်ကိုယ်တိုင်ပဲ ချတာအကောင်းဆုံးပါ။ မှန်ခဲ့ရင်လည်း ကိုယ်စံပေါ့။ မှားခဲ့ရင်လည်း သင်ခန်းစာယူရမှာပါ။

ငယ်ဘဝမှာတော့ မသိရင်၊ မတတ်ရင် မိဘ၊ဆရာသမားက သွန်သင်ဆုံးပေးပါတယ်။ အခုအချိန်အခါမှာတော့ ဘဝကသင်ပေးသွားတာပါ။ ထို့အပြင် တစုံတခုသော အန္တရာယ်နဲ့ ကြုံလာခဲ့မယ်ဆိုရင်လည်း ကိုယ့်ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမယ့် မိဘကရှိနေပြီးသားပါ။ ကျွန်မတို့၏အားကိုးရာက မိဘနှစ်ပါးပါ။ ဒါပေမယ့် အခုအချိန်အခါမှာ ကိုယ်ကပဲ ဦးဆောင်ပြီး ဖြေရှင်းရပါတယ်။ ဒီအချိန်မှာ ကျွန်မတို့၏အားကိုးရာက ဘုရား၊ တရား၊ သံဃာပါ။ ဘုရားမှတပါး အားကိုးရာမရှိပါ။ တရားမှတပါး အားကိုးရာမရှိပါ။ သံဃာမှတပါး အားကိုးရာမရှိပါ။ တိုင်းတပါးပြည်ကိုရောက်လာကြတဲ့ ဗုဒ္ဓဘာသာဝင်အများစုသည် ဘာသာရေးကို မိမိတို့တိုင်းပြည်မှာထက် ပို၍လိုက်စားကြတယ်လို့ ထင်မိပါတယ်။ ကျွန်မတို့၏ တစ်ခုတည်းသောအားကိုးရာက မြတ်စွာဘုရားရှင်သာလျှင်ဖြစ်ပါတယ်။ တိုင်းတပါးပြည်မှာ လာနေရ၍ အားငယ်စိတ်ကတော့ လူတိုင်းလူတိုင်း အနည်းနဲ့အများ ခံစားမိမှာပါပဲ။ မိဝေးဖဝေးနဲ့ နေရ၍လည်း ကိုယ့်ကို သွန်သင်ဆုံးမပေးမယ့် လူလည်းမရှိပါဘူး။ ဒါကြောင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်များကိုသာ အဖော်ပြုရမှာပါ။ တပါးတိုင်းပြည်ရောက်လို့ တခြားအယူအဆမလွဲပဲ လိမ္မာရေးခြားရှိပြီး ဘာသာရေးလိုက်စားတဲ့ သူတော်ကောင်းလေးတွေဖြစ်လာတာ ဂုဏ်ယူစရာပါ။

ဟိုးအရင်က ကျွန်မတို့ ခိုနားခဲ့တယ့် မိဘရင်ခွင်ဟာ အခုဆိုရင်ဖြင့် အရင်ကလို မနုပျိုနေတော့ပါဘူး။ အရင်က သွက်သွက်လက်လက်ရှိခဲ့တဲ့ ဖေဖေနဲ့မေမေဟာ အခုဆိုရင် အရင်ကလို သိပ်ပြီး သွက်သွက်လက်လက်ရှိမနေတော့ပါဘူး။ ဇရာရဲ့အရိပ်ရောင်တွေကလည်း ဖေဖေ၊မေမေရဲ့မျက်နှာပြင်မှာ တွေ့နေရပါပြီ။ ကျွန်မတို့ငယ်ငယ်က အပြင်သွားရင်ပဲဖြစ်ဖြစ်၊ လမ်းကူးရင်ပဲဖြစ်ဖြစ် မေမေက ကျွန်မတို့လက်တွေ တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ့ရှိပါတယ်။ မေမေ့လက်ထဲက ကျွန်မတို့လွတ်ထွက်ပြီး လမ်းပေါ်မှာ အန္တရာယ်တစ်ခုခုဖြစ်မှာဆိုးရိမ်လို့လေ။ အရမ်းကို စိတ်ပူတတ်တဲ့မေမေပါ။ အခုဆိုရင်လည်း မေမေက ကျွန်မတို့လက်တွေကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပါ။ ဒါပေမယ့် အရင်တုန်းကလို အဓိပ္ပါယ်မျိုးနဲ့ ဆုပ်ကိုင်ထားတာ မဟုတ်တော့ပါဘူး။ အသက်အရွယ်ကြီးရင့်လာလို့ အရင်ကလို အင်အားမရှိတော့တဲ့မေမေဟာ ကျွန်မတို့ကို အားကိုးတကြီးနဲ့ ဆုပ်ကိုင်ထားတာပါ။ ဒါတွေကို ကျွန်မတို့ သတိပြုမိပါရဲ့လား? အရင်က ကျွန်မတို့ရှေ့မှာ အုတ်တံတိုင်းသဖွယ်ရပ်တည်ခဲ့တဲ့ ဖေဖေနဲ့မေမေဟာ အခုဆိုရင် ပင်ပန်းနွမ်းနယ်နေပြီး ကျွန်မတို့က အုတ်တံတိုင်းသဖွယ် ပြန်လည်ရပ်တည်ရမယ်ဆိုတဲ့ အချိန် ရောက်နေပြီဆိုတာကိုကော ကျွန်မတို့ သတိပြုမိပါရဲ့လား?

ဒီလိုသာတွေးလိုက်မယ်ဆိုရင်ဖြင့် အခုကျွန်မတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့အတွက် အင်အားတစ်ခုဖြစ်မှာပါ။ ဖေဖေနဲ့ မေမေရဲ့ "ငါ့သားလေး၊ ငါ့သမီးလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ..." ဆိုတဲ့ ဆုကလည်း ကျွန်မတို့အတွက် အင်အားတစ်ရပ်ပါ။ ဒါ့အပြင် ရတနာသုံးပါးကို မပြတ်ဆည်းကပ်ကိုးကွယ်ခြင်းအားဖြင့်လည်း ကျရောက်လာနိုင်မယ့် အန္တရာယ်အားလုံးကို ကျော်လွှားနိုင်မှာပါ။

7 comments:

PhotoVigor said...

Good writing..Keep going..
Cheers..

အိမ်မက် said...

အခုလိုအားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်း ကြိုးစားသွားပါမယိ...

Libratun said...

i thought i have read this one.. but now (2) koe... it really hits.

အိမ်မက် said...

tnx so much...

အိမ်မက် said...

Actually itz must me (3)... :)

မယ့်ကိုး said...

စာကောင်းလေးပါ..ဆက်ရေးနော်။ အားပေးနေပါ့မယ်။

အိမ်မက် said...

ကျေးဇူးတင်ပါတယ်နော်။ ဆက်လက်ပြီးတော့ ကြိုးစားသွားပါမယ်...