Saturday, October 3, 2009

သီတင်းကျွတ်လပြည့်နေ့ ၂၀၀၉


သီတင်းကျွတ်ပြီတဲ့...

ငယ်ရွယ်စဉ် ကလေးဘဝတုန်းကတော့ သီတင်းကျွတ်ဆိုရင် အရမ်းကို ပျော်ခဲ့မိပါတယ်...
အိမ်ရှေ့ ဝရန်တာမှာ ဖယောင်းတိုင်တွေထွန်းမယ်...မီးပုန်းတွေ ချိတ်မယ်...အိမ်နီးနားချင်း သူငယ်ချင်းတွေနဲ့ မီးပန်းဖေါက်မယ်...ဘိုးဘွား၊ မိဘ၊ ဆရာသမားကအစ ဆွေမျိုးများနှင့် ကျေးဇူးပြုခဲ့ဖူးသူများကို လိုက်လံ ကန်တော့မယ်...ပြီးတော့ မောင်နှမနှစ်ယောက် မုန့်ဖိုးဘယ်လောက်ရသလဲဆို ရေကြည့်ပြီး ငါကပို ရတယ်...နင်ကပိုရတယ် ...နောက်ပြီး ဘယ်သူက မုန့်ဖိုးပိုပေးတယ်... ဘယ်သူက မုန့်ဖိုးပေးတာနဲတယ်ဆိုပြီး ကလေးအတွးနဲ့ ငြင်းခုန်ကြမယ်... ဖေဖနေဲ့ မေမေကိုလည်းပြောသေးတယ်...ဘယ်သူက မုန့်ဖိုးပေးတာနဲတယ်ပေါ့...နောက်နှစ်ဆိုရင် သွားမကန်တော့နဲ့ဆိုပြီးတော့လေ...မုန်းဖိုးတွေကို ကိုယ်တိုင်ကိုင်ပြီး ကြိုက်တာသုံးခွင့်ပြုဖို့ကိုလည်း မိဘတွေကို ခွင့်တောင်းရတာလည်း အမောပေါ့...ကလေးဘဝတုန်းက သီတင်းကျွတ်မှာ ပျော်ခဲ့မိတယ်ဆိုတာက မုန်းဖိုးအများကြီးရတော့မယ်ဆိုတဲ့ စိတ်နဲ့ပေါ့...

အထက်တန်းကျောင်းသူဘဝရောက်လာတော့ သီတင်းကျွတ်ရောက်ရင် ပျော်တဲ့အပျော်က ကလေးဘဝတုန်းကနဲ့ မတူတော့ပြန်ပါဘူး...သူငယ်ချင်းတွေနဲ့ Show ပွဲသွားကြည့်ချင်တယ်...မုန့်တွေလျှောက်စားချင်တယ်...မိဘတွေက လူကြီးသူမတွေကို ကန်တော့ဖို့ခေါ်တာတောင် သိပ်မလိုက်ချင်တော့ပါဘူး...အလှလေးဘာလေးပြင် အဝတ်အစားကောင်းကောင်းလေးတွေဝတ်ပြီး လူကြား၊သူကြားထဲမှာ ရှိုးထုတ်ချင်တာပဲ သိပါတော့တယ်...

တက္ကသိုလ်ကျောင်းပြီးကာစမှာတော့ ဝတ်ရွတ်အသင်းတွေနဲ့လိုက်ပြီး သီတင်းကျွတ် အစရှိသည့် အခါကြီးရက်ကြီးတွေမှာ မြတ်စွာဘုရားကို ဝတ်ပြုပြီး ဓမ္မတေးတွေနဲ့ ပူဇော်ရတာကို သဘောကျနှစ်သက်မိလာတယ်...ဘုရားရင်ပြင်အပြည့် ဆီမီးပူဇော်ရတာကလည်း ကြည်နူးစရာပါပဲ...

ဒီနှစ် သီတင်းကျွတ်မှာ ဝမ်းသာပီတိဖြစ်မိတာကတော့ ကျေးဇူးဆပ်မကုန်တဲ့ မိနဲ့ဘကို ကိုယ့်ချွေးနဲစာနဲ့ရတဲ့ လုပ်အားခကို ကန်တော့နိုင်ချင်းပဲပေါ့...တိုင်းတပါးမှာရောက်နေလို့ မိနဲ့ဘကို ကိုယ်တိုင် ဦးချမကန်တော့နိုင်ပေမယ့် အဝေးကနေပဲ ကျေးဇူးဆပ်ခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်... ကျွန်မလိုပဲ တိုင်းတပါးမှာရောက်နေတဲ့ ညီအစ်ကို မောင်နှမများလည်း ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ပီတိဖြစ်နေကြမှာအမှန်ပဲလို့ ယုံကြည်မိပါတယ်...

3 comments:

chocothazin said...

ကျေးဇူးသိတတ်သူလေးမို့ ဂုဏ်ယူမိပါတယ်။ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အိမ်မက် said...

သဇင်ရေ.. ကျေးဇူးပါပဲနော်...

PhotoVigor said...

Merry Christmas to you and your family.