Thursday, April 16, 2009

S'pore သင်္ကြန် ၂၀၀၉

April 12, 2009 (Sunday)

မနက် ၆ နာရီကစပြီး ဆူဆူညံညံအသံတွေကို အိပ်ရာထက်ကနေ ကြားနေရပါတယ်။ အဒေါ်မိသားစု ဘုန်းကြီးကျောင်းသွားရန် ပြင်ဆင်နေကြချင်းပါ။ အငယ်ဆုံးသမီး P1 ကလည်း ပျော်မြူးနေပါတယ်။ ပါးစပ်ကလဲ သီချင်းပေါင်းစုံကို အာကုန်ဟစ်ပြီး သီဆိုနေလေရဲ့။ သင်္ကြန်ဆိုတာ ဘယ်လိုဆိုတာကို သူမကြုံဘူးသေးလေ။ ငယ်ငယ်လေးထဲက ဒီမှာကြီးလာတာဆိုတော့... သင်္ကြန်မှာ ရေကစားကြတယ်ဆိုတာလောက်ပဲ သူသိပါတယ်။ လက်တွေ့မကြုံဘူးသေးတော့ စိတ်လှုပ်ရှားနေပါတယ်။ အလတ်မကတော့ သူဘာဝတ်ရမလဲဆိုပြီး အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည် ဖွနေပါတယ်။ သူ့အမေကတော့ မြန်မြန်လုပ်ရန် သူ့သမီးတွေကို နှိုးဆော်နေပြီး ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ပြန်ထားရန် ပါးစပ်ကလဲ တတွတ်တွတ်ပြောနေပါတယ်။ နောက်တော့ ဧည့်ခန်းက မှန်ရှေ့မှာ သားအမိသုံးယောက် အလှအပြိုင်အဆိုင်ပြင်နေကြပါတယ်။ ဦးလေးကတော့ မိန်းမနဲ့ သမီးများကို စိတ်ရှည်စွာ စောင့်နေပါတယ်။ ခဏအကြာမှာ အသံများတိတ်စိတ်သွားပါတော့တယ်။ အဒေါ်မိသားစု ဘုန်းကြီးကျောင်းကို ချီတက်သွားပြီဆိုတာ သေချာသွားပါပြီ။ မုန့်မျိုးစုံကို အလကားစားရမှာကိုး...

ကျွန်မနဲ့ အဒေါ်ရဲ့ သမီးအကြီးဆုံးဖြစ်သူကတော့ အိပ်ရာထဲမှာ ဆက်ပြီးကွေးနေပါတယ်။ ဒီနေ့ ဘာအစီအစဉ်မှ ကျွန်မမှာ မရှိပါဘူး။ Show ပွဲလဲ မသွားတော့ဘူးလို့ ဆုံးဖြတ်ထားလို့ပါ။ သူငယ်ချင်းအမတစ်ယောက်ကတော့ သူ့အိမ်မှာ မုန့်လုံးရေပေါ်လာစားဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် သွားဖို့ကတော့ မသေချာသေးပါဘူး။ အပျင်းကြီးနေတာကြောင့် ဆက်ပြီးကွေးနေလိုက်ပါတယ်။ ခဏအကြာမှာ ဖုန်းမြည်လာပါတယ်။ ဘုန်းကြီးကျောင်းကို 10 နာရီလောက်သွားမည်တဲ့။ ဘယ်လိုမှ ငြင်းလို့မရတဲ့သူတစ်ယောက်က ဖုန်းဆက်လာတာကြောင့် သွားဖို့ပြင်ဆင်ရပါတယ်။ ခဏလောက် အိပ်ရာထဲမှာ နှပ်ပြီးမှ သွားဖို့ပြင်ဆင်တာပါ။ အဟီး... အလှပြင်တာ တော်တော်ကြာသွားပါတယ်။ ဖုန်းကလည်း တခွမ်ခွမ်မြည်နေပါတော့တယ်။ ဘယ်ရောက်နေပြီလဲလို့မေးတော့ အိမ်ကထွက်လာပြီဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ အမှန်တော့ အိမ်ထဲမှာ အလှပြင်လို့ မပြီးသေးပါဘူး။ အနိုင်ကျင့်နေကြသူမို့ ဆက်ပြီးအနိုင်ကျင့်တာပါ။

Toa Payoh ကိုသွားတဲ့ လမ်းတစ်လျှောက် MRT အပေါ်မှာလည်း မြန်မာတွေအများကြီးပါ။ Toa Payoh ကိုရောက်တော့ မြတ်စွာဘုရားကို သစ်သီးစုံကပ်ရန် NTUC မှာ သစ်သီး ဆက်တစ်မျိုးဝယ်ပါတယ်။ ဆက်တစ်မီးငြိမ်းအောင်ပါ။ ဘုန်းကြီးကျောင်းကိုသွားတဲ့ လမ်းတစ်လျှောက် Bus ပေါ်မှာလည်း များသောအားဖြင့် မြန်မာတွေကြီးပါပဲ။ ကိုယ့်ကိုယ်ကို မြန်မာပြည်ပြန်ရောက်သွားသလို ခံစားရပါတယ်။ Bus Stop ရောက်တော့လည်း များစွာသောမြန်မာများကိုတွေ့ရပါတယ်။ City Hall ကိုချီတက်ရန် စောင့်နေကြခြင်းပါ။

ဘုန်းကြီးကျောင်းကိုသွားတဲ့ လမ်းတစ်လျှောက်တွင်လည်း မြန်မာများနှင့် ပြည့်နှက်နေပါတယ်။ ရေပက်တဲ့သူကပက်နဲ့ ပျော်စရာကောင်းနေပါတယ်။ ဘုန်းကြီးကျောင်းနား နီးလာပြီဆိုရင်ပဲ မြူးကြွတဲ့တေးသံနဲ့အတူ ရွှေမြန်မာများရဲ့ ပျော်မြူးသံများကို ကြားနေရပါတယ်။ ဘုန်းကြီးကျောင်းထဲသို့ရောက်အောင်ပင် မနည်းတိုးဝင်ရပါတယ်။ ရေပက်သူကပက်၊ ကတဲ့သူက က၊ မုန်းစားတဲ့သူကစားနဲ့ သင်္ကြန်အရသာကို အပီအပြင် ခံစားနေကြပါတယ်။ ကျွန်မတို့ကတော့ အဲဒါတွေမခံစားနိုင်သေးပဲ သစ်သီးဆွမ်းကပ်ရန်သာ အရင်ပြင်ဆင်ကြပါတယ်။


ကျွန်မတို့ကပ်တဲ့ သစ်သီး ဆယ့်တစ်မျိုး

မနက်ထဲက ဘာမှမစားရသေးတဲ့အတွက် စားဖို့သောက်ဖို့အတွက် မုန့်တန်းဘက်ကို သွားခဲ့ပါတယ်။ ဒါပေမယ့် မနက်အစောကြီးထဲက ဝီရိယရှိစွာ လာအားပေးသော ရွှေမြန်မာများသောအတွက်ကြောင့် မုန့်စုံအောင်မစားနိုင်တော့ပါဘူး။ မိုးကလည်း ဖွဲဖွဲလေးရွာနေပါတယ်။ ကတဲ့သူက က၊ ရေပက်တဲ့သူကပက်နဲ့မို့ လွယ်လွယ်ကူကူပဲ တန်းစီပြီးယူလို့ရတဲ့ မုန့်ဟင်းခါးပဲ စားကြပါတယ်။ Show ပွဲကြည့်မယ့် သူငယ်ချင်းတွေနဲ့တွေ့တော့လည်း City Hall ကို ဆက်လက်ချီတက်ကြပါတယ်။

City Hall MRT မှတဆင့် Show ပွဲရှိရာကို လမ်းလျှောက်ပြီး ချီတက်ကြပါတယ်။ လမ်းဖြတ်ကူးရင် ဟိုဘက်ဒီဘက်ချီတက်လာတဲ့ မြန်မာတွေဆိုတာ နည်းနည်းနောနောမဟုတ်ပါဘူး။ မီးစိမ်းတာနဲ့ ညာသံပေးပြီး ချီတက်ကြတာပါ။ တော်တော်တော့ရီစရာကောင်းပြီး ပျော်စရာလည်းကောင်းပါတယ်။ S'poer မြို့မှာ မြန်မာတွေဘယ်လောက်များလည်းဆိုတာ အခုမှပဲ သိရပါတော့တယ်။

Show ပွဲကိုဝင်ဖို့အတွက်လည်း တန်းအရှည်ကြီးစီရပြန်ပါသေးတယ်။ Show ပွဲက စနေပါပြီ။ Ticket မဝယ်ပဲ အပြင်ကနေအားပေးတဲ့ ပရိတ်သတ်ကလည်း ဒုနဲ့ဒေးနဲ့ပါ။ မိုးက ဖွဲဖွဲလေးရွာနေပါတယ်။ Show ပွဲရှိရာ ဘောလုံးကွင်းထဲကို ခြေချလိုက်ပြီဆိုရင်ပဲ ခြေထောက်ဟာ ဗွက်ထဲနစ်သွားပါတော့တယ်။ စီးလာတဲ့ ဖိနပ်ကလည်း အဖြူရောင်ဆိုတော့.....

Show ပွဲအတွက် ဆောက်ထားတဲ့စင်က အရမ်းကိုနိမ့်ပါတယ်။ အဝေးကနေကြည့်ရင် ဘာမှမမြင်ရပါဘူး။ ရဲလေးဆိုရင် သူဆောင်းထားတဲ့ ဦးထုပ်လေး ဟိုရွေ့ဒီရွေ့သာတွေ့ရပါတယ်။ ဘာဝတ်လို့ဝတ်ထားမှန်း မသိရပါဘူး။ ဖြူဖြူကျော်သိန်းကိုလည်း သူဝတ်ထားတာ အနီရောင်ဆိုတာလောက်ပဲ သိပါတယ်။ Sate Show အရှေ့မှာ ခုံတွေချထားပြီး ဘယ်သူတွေအတွက်လည်းတော့မသိပါဘူး။ ထိုင်နေတဲ့သူတွေကတော့ ထိုင်နေကြတာပါပဲ။ မတ်တတ်ရပ်ပြီး အားပေးတဲ့သူတွေက အများဆုံးပေါ့။ ဘယ်နေရာသွားသွား ဗွက်တွေနဲ့ဆိုတော့ ရှေ့မှာရှိတဲ့ လူအုပ်ကြားထဲတော့ ဝင်တိုးပြီး မကြည့်ဖြစ်ပါဘူး။ ထီးကလည်းမပါ၊ မိုးကလည်း ဖွဲဖွဲလေးရွာ၊ ဖိနပ်ကလည်း ဗွက်တွေနဲ့ပေဆိုတော့ တော်တော်လေးတော့ စိတ်ညစ်သွားပါတယ်။ ဒါပေမယ့်လည်းပေါ့လေ....

တော်တော်လေးကြာတော့ မိုးတိတ်သွားပါတယ်။ Show ပွဲကို မြန်မာအားလုံးနီးပါးလာကြတဲ့အတွက် မတွေရတာကြာပြီဖြစ်သော မိတ်ဆွေရောင်းရင်း အားလုံးလိုလိုကို တွေ့နေရပါတယ်။ အဆိုတော်တွေနဲ့အတူ သီချင်းလိုက်ဆိုပြီး ကတဲ့လူက က၊ မတွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းများနဲ့တွေ့လို့ စကားပြောတဲ့လူကပြော၊ ဘီရာသောက်ပြီး ညိမ့်နေတဲ့သူကညိမ့်၊ ကောင်မလေးချောချောလေးတွေကို ရေလိုက်လောင်းသူကလောင်း၊ ဘာမှမလုပ်ပဲ သူများလုပ်သမျှ ကြည့်သူကကြည့်နဲ့ အားလုံးလိုလိုကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ကိုပြေနေကြတာပါပဲ။

ဒီကြားထဲ Show ပွဲကြောငြာတဲ့လူကလည်း လာကြည့်သူများကို Break Time ပေးပါတယ်။ သူတို့ပွဲကို ကြည့်ချင်လို့ ပိုက်ဆံပေးပြီးလာပါတယ်ဆိုမှ အချိန်မကုန် ကုန်အောင်ဖြုန်းနေပါတော့တယ်။ ပွဲက ၆ နာရီမှပြီးမှာပါ။ ဒါပေမယ့်လည်း ပွဲပြီးအောင်ဘယ်သူမှ မစောင့်ချင်တဲ့အတွက်ကြောင့် Break Time ပေးချိန်မှာပဲ ထွက်လာခဲ့ကြပါတော့တယ်...

2 comments:

witch83 said...

I know who called u to go out @ 10 ....
:P

libratun said...

ပျော်လွန်းလို့ သတ်ပုံတွေတောင် မှားနေပါပေါ့လား.. ဒကာမလေးရဲ့